« »

လက်နှစ်ဖက် မရှိသော် လည်း ပန်ချီဆွဲ နိုင်တယ် ( စိတ်ဓာတ် ခွန်အားဖြည့် စာ )

ပိတ်သွားသော တံခါးပေါက်၏အခြားတစ်ဖက်..

 


တကယ်လို့များ သင်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ပြည့်စုံနေတဲ့ သူတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သင့်စိတ်ကူးအိပ်မက်တွေကို ဖြစ်မြောက်လာအောင်
အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘာကြောင့်များ မဖြစ်လာနိုင်ရမှာလဲနော်။
လူတစ်ယောက်ဟာ လက်နှစ်ဘက် ဆုံးရှုံးသွားခဲ့ရင်တောင် အောင်မြင်ထင်ရှားတဲ့
ပန်းချီဆရာ ဖြစ်လာနိုင်ပါသေးတယ်။ လက်နှစ်ဘက် မရှိပေမဲ့ ပန်းချီကားတွေ
ရေးဆွဲနေတဲ့ သူ့နံမည်က ဟွမ်ကော်ဖု ဖြစ်ပါတယ်။ သူဟာ ကြိုးစားချင်စိတ်၊
အောင်မြင်ချင်စိတ်သာ ပြင်းပြင်းပြပြ ရှိမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ
မရှိဘူးလို့ ကျွန်မတို့အားလုံးကို သင်ခန်းစားပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ
ဘာတွေ ထူးခြားတဲ့သူလည်း ဆိုတာ သူ့အကြောင်းလေးကို ပြောပြချင်ပါတယ်။
တရုတ်ပြည် ချုံကျင်းပြည်က မြို့ငယ်လေးတစ်မှာ နေထိုင်တဲ့ ဟွမ်ဟာ ကလေးဘ၀ အသက်လေးနှစ်အရွယ်မှာ ပြင်းထန်စွာ ဓာတ်လိုက်ခံရပြီးနောက် လက်နှစ်ဖက်လုံး
ဖြတ်တောက်ခံလိုက်ရပါတယ်။ လက်နှစ်ဖက်လုံး မရှိတော့ပေမဲ့ သူ့အိပ်မက်ကို
စွန့်လွှတ်လိုက်ဖို့ စိတ်ကူးမရှိတာကြောင့် ဘ၀ကို ဒီအတိုင်း
မကုန်ဆုံးစေဘဲ အသက် ၁၂နှစ်အရွယ်မှာ ပန်းချီကားများကို ခြေထောက်နဲ့ စတင်
ရေးဆွဲနိုင်ဖို့ ကြိုးစားအားထုတ်ပါတော့တယ်။ စစချင်းမှာတော့
အခက်အခဲများစွာနဲ့ ရင်ဆိုင်ရသလို သူ့ပန်းချီးကားတွေဟာလည်း ဘာကိုဆွဲလို့
ဆွဲမှန်းမသိလောက်အောင် ဆိုးဝါးခဲ့ပါတယ်။ ဒါပေမဲ့ ဟွမ်ဟာ စိတ်မပျက်ပါဘူး။
အချို့ညတွေဆို တစ်ညလုံး မအိပ်ဘဲလေ့ကျင့်နေခဲ့ပါတယ်။ ကြိုးစားရေးဆွဲရင်းနဲ့
တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာတိုင်း သူ့လက်ရာဟာ တိုးတက်လာပါတယ်။
သူဟာ ပန်းချီကားတွေ များစွာ လေ့ကျင့်ရေးဆွဲနေရင်း တစ်ဖက်က ကျောင်းလည်း တက်နေခဲ့ပါတယ်။ ဒီလို  သူ့ရဲ့ ၀ါသနာနဲ့ စိတ်ကူးအိပ်မက်တွေ
လက်တွေ့ဖြစ်လာဖို့ အားကြိုးမာန်တက် ကြိုးစားနေတုန်း သူ့အသက် ၁၈နှစ်မှာ
သူ့ရဲ့ ဖခင်ဟာ အပြင်းအထန် နေမကောင်းဖြစ်လာတာကြောင့် ဆေးကုသခံယူဖို့အတွက်
ငွေကြေးလိုအပ်လာပါတယ်။ ဒါကြောင့် သူဟာ ကျောင်းထွကလိုက်ပြီး တရုတ်ပြည်ရဲ့
မြို့ကြီးတွေကို လှည့်လှည်ကာ ပန်းချီဆွဲရင်း ငွေရှာနိုင်ဖို့
ကြိုးစားပါတယ်။ လူစည်ကားရာ လမ်းဘေးတွေမှာထိုင်ပြီး
ပန်းချီကားအမျိုးမျိုးကို ရေးဆွဲကာ ဖြတ်သန်း သွားလာသူတွေကို
ရောင်းချပါတော့တယ်။ အများစုက လက်နှစ်ဖက် မရှိဘဲ ပန်းချီဆွဲနေတဲ့ သူ့ကို
သနားကြင်နာစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် ၀ယ်ယူအားပေးခဲ့ကြပါတယ်။

အဲဒီလို ခရီးသွားလှည့်လှည်ပြီး  ခြေထောက်အသုံးပြုပြီး ပန်းချီကားတွေကို ရေးဆွဲနေရင်းမှာဘဲ တစ်စုံတစ်ယောက်ထံက “ပန်းချီကားတွေဟာ ခြေထောက်နဲ့
ဆွဲတာဖြစ်လို့ သိပ်ပြီး သပ်ရပ်တိကျမှု မရှိဘူး၊ ဆွဲနည်းကို
ပြောင်းရင်ကောင်းမယ် ”ဆိုတဲ့ မှတ်ချက်ကို ကြားလိုက်ရပါတယ်။ ဒါနဲ့ သူက
စုတ်တံကို ပါးစပ်မှာ ကိုက်ပြီး ပန်းချီရေးဆွဲတဲ့နည်းကို
လေ့ကျင့်ပြန်ပါတော့တယ်။ တကယ်လဲ ပါးစပ်နဲ့ ပန်းချီဆွဲတာဟာ ခြေထောက်နဲ့
ဆွဲတာထက် ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်ကာ အဆင်ပြေချောမွေ့တယ်ဆိုတာ သူက
သိလာပါတယ်။ ဒီလိုနဲ့ သူဟာ ပါးစပ်နဲ့ ရေးဆွဲရတာကို အလေ့အကျင့်များစွာ
ရလာပြီး အလွန်ကောင်းမွန်လက်ရာမြောက်တဲ့ ပန်းချီကားများကို ညာခြေနဲ့ရော
ပါးစပ်နဲ့ပါ အသုံးပြုပြီး ရေးဆွဲလာနိုင်ခဲ့ပါတယ်။
Disabled-Artist_1_(theourworld.com)
ပါးစပ်ဖြင့် စုတ်တံကို ကိုက်ကာ ပန်းချီရေးနေစဉ်

Disabled-Artist_3_(theourworld.com)
 
ပန်းချီကားတွေ ရေးဆွဲ လှည့်လှည်တဲ့ ဟွမ်ရဲ့  ခရီးမှာဘဲ စီချွမ်ပြည်နယ်ရဲ့ မြို့တစ်ခုအရောက်မှာ ချစ်စဖွယ် အမျိုးသမီးလေးတစ်ဦးနဲ့ တွေ့ဆုံမိကြပါတယ်။
အဲဒီ မိန်းခလေးဟာ ဟွမ်ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ပါရမီ ထက်သန်ပုံတို့ကို
လေးစားချီးကျူးမိကာ လျှင်မြန်စွာဘဲ မေတ္တာသက်ဝင် ချစ်ခင်မိပါတော့တယ်။ ၂ဝဝဝ
ခုနှစ်မှာ သူတို့ နှစ်ယောက်ဟာ လက်ထပ်လိုက်ကြပြီးတဲ့နောက် 
 

 အမျိုးသမီးလေးက ဟွမ်ရဲ့လက်ထောက်ဖြစ်လာပြီး သူလိုအပ်တဲ့ ပန်းချီဆွဲ ပိတ်ကားတွေ၊ ပန်းချီဆေးတွေ ၊ စုတ်တံတွေကို သူသွားလေရာကို တကောက်ကောက်လိုက်လို့
သယ်ယူပေးပြီး ဟွမ်ဆွဲလိုတဲ့ ရှုခင်းတွေ၊ သဘာဝပတ်ဝန်းကျင်တွေ အရောက်
နေရာချပေးကာ ပါရမီဖြည့်ပေးခဲ့သူ ဖြစ်ပါတယ်။
Disabled-Artist_2_(theourworld.com)
ခြေထောက်ဖြင့် ပန်းချီဆွဲသူ ပါရမီရှင် ဟွမ်
ခုချိန်မှာတော့ ဟွမ်ဟာ မကြာခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ချုံကျင်းပြည်နယ်ရဲ့ Chongqing Talents ပြတိုက်မှာ လက်ထောက် ပြတိုက်မှူး တာဝန်ကို ထမ်းဆောင်ရင်း
လက်ရာမြောက်လှတဲ့ ပန်းချီကားများစွာကို ရေးဆွဲနေခဲ့ပါပြီ။ သူဟာ
ဆုများစွာကို ရယူထားနိုင်ခဲ့တဲ့အပြင် ပြတိုက်ကို ဆက်သွယ် ဝင်ရောက်လာသော
ပါးစပ်၊ ခြေထောက်တို့နဲ့ ပန်းချီဆွဲသော သူနဲ့ဘ၀တူ ကိုယ်လက်အင်္ဂါ မပြည့်စုံ
မသန်စွမ်းတဲ့ အခြားသောသူများအတွက်လည်း  နမူနာယူစရာ၊ အတုယူစရာ အကောင်းဆုံး
လူသားတစ်ယောက် ဖြစ်လို့နေပါတယ်။ အားလုံးသော လူသားများအတွက်
မှတ်သားစရာကောင်းလှတဲ့ ဟွမ်ရဲ့ စကားလေးတစ်ခွန်းက “ သင်တို့ရဲ့
ဘဝမှာ တံခါးတစ်ချပ် ပိတ်သွားခဲ့ရင် စိတ်ပျက်အားလျော့ခြင်း မဖြစ်ပါနဲ့။
တစ်ချိန်တည်းမှာ အခြားသော တံခါးပေါက်တွေ ပွင့်နေတတ်ပါတယ်။ အဲဒီပွင့်နေတဲ့
တံခါးပေါက်ကို ဇွဲလုံ့လနဲ့ တွေ့အောင်ရှာပါ” ဆိုတဲ့ စကားလေး ဖြစ်ပါတယ်။
 

ကွန်ပျူတာလဲ သုံးနိုင်သူ

ဟွမ်ရဲ့ ပန်းချီကား

ဟွမ်ဟာ လက်နှစ်ဘက်လုံး မရှိသော်လည်း သူ့ဘ၀သူ မကျေမနပ်မဖြစ်ဘဲ ဘဝရဲ့ အောင်မြင်ခြင်းကို ကြိုးစားရှာဖွေနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ပန်ချီကားတွေကိုလည်း ကမ္ဘာတလွှားက ပန်းချီချစ်သူများက နှစ်သက်မက်မောစွာ
တန်ဖိုးထားပြီး ဝယ်ယူနေကြပါတယ်။ သူက “သူ့ဘဝဟာ ပျော်ရွှင်ချမ်းမြေ့တဲ့
ဘဝဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဘုရားပေးတဲ့အတိုင်း ယခု ရှိနေတဲ့
သူ့ပကတိအခြေအနေကို ကျေနပ်ပါတယ်” လို့ ဆိုပါတယ်။
 
ဒီပိုစ့်လေးကို ဘာသာပြန်ရတဲ့ အကြောင်းရင်းက ဟွမ်ရဲ့ စကားကို နှစ်သက် သဘောကျမိတာကြောင့် အခြားသူတွေကို ခွန်အားဖြစ်စေချင်တဲ့စိတ်နဲ့ ပြန်ဖြစ်ပါတယ်။ သူ့လိုဘဲ
ကျွန်တော်တို့တွေဘဝမှာ အခက်အခဲ အတားအဆီးတွေနဲ့ တွေ့ပြီး အဆုံးအရှုံးတွေ
ရှိလာချိန်မှာ ဘဝအတွက် အောင်မြင်မှု တံခါးပေါက် ပိတ်သွားပြီလို့ ထင်ကာ
စိတ်ပျက်အားလျော့မိတဲ့ အချိန်တွေ ရှိကြမှာပါနော်။ အဲဒီခါကျရင် အဆုံးစွန်ထိ
စိတ်ဓာတ်မကျဘဲ လက်နှစ်ဘက် မရှိတာတောင် အောင်မြင်ထင်ရှားတဲ့
ပန်းချီကားတွေကို ဖန်တီးနိုင်ခဲ့သူ ဟွမ်ရဲ့ စကားတွေကို သတိရပြီး
မိမိတို့အတွက် ပိတ်သွားတဲ့ တံခါးပေါက် အစား ပွင့်နေနိုင်သေးတဲ့ အခြားသော
တံခါးပေါက်ကို တွေ့အောင် ကြိုးစားရှာဖွေကြပါစို့လား။
 
Spooky ရဲ့  Disabled Artist Creates Detailed Artworks Using Only His Mouth and Right Foot ကို ဘာသာပြန်ပါသည်။
Photo by Zhou Ge/Xinhua
Tags: , ,

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။