« »

ပအိုဝ်းသွေးချင်း ညီနောင်ရင်း

(က) ကျွန်တော်တို့ကျောင်း
ကျွန်တော်၏ အမည်မှာ ခွန်ဝေးခို ဖြစ်ပါသည်။ ကျွန်တော်သည် တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်း ကျေးရွာတွင် နေထိုင်ပါသည်။ ကျွန်တော်တို့ ရွာသည် တောင်ကြီးနှင့် ၃၂ မိုင်ဝေးပါသည်။ တောင်ကြီးမှ ကျွန်တော်တို့ ရွာသွားလျှင် တောင်ကြီး-လွိုင်လင် ကားလမ်းအတိုင်း ၂၅မိုင် သွားရပါသည်။ ၂၅မိုင်သွားပြီးလျှင် ထမ်းဆမ်းရွာကို တွေ့ရမည်။ ထမ်းဆမ်းရွာမှ မြောက်ဘက်သို့ ခုနစ်မိုင် ဆက်သွားလျှင် ကျောက်တန်းရွာသို့ ရောက်ပါသည်။

တောင်ကြီးမှ ထမ်းဆမ်းအထိ ကတ္တရာလမ်းအတိုင်း မောင်းရသော်လည်း ထမ်းဆမ်းမှ ကျွန်တော်တို့ရွာအထိ ခုနစ်မိုင် လမ်းမှာ ကျောက်ခင်းလမ်း ဖြစ်ပါသည်။ ကျွန်တော်တို့ နေထိုင်သည့် ကျောက်တန်းရွာ၏ ပအိုင်းအမည်ရင်းမှာ“ လုံးရဲဉ်” ဖြစ်ပါသည်။ “လုံး”မှာ ကျောက်ဟု အဓိပ္ပါယ်ရပြီး“ ရဲဉ်” မှာ “အစီအတန်း” ဟုအဓိပ္ပါယ်ရပါသည်။ လုံးရဲဉ်ဟုပအိုဝ်း အမည်ရင်းကို ခေါ်ရာမှ နောင်တွင် မြန်မာလို“ကျောက်တန်း” ဟုတွင်သွားပါသည်။



ကျောက်တန်းဟု ခေါ်ရခြင်းမှာ ရွာ၏မြောက်ဘက်တွင် ကျောက်များ တန်းလျက်ရှိသည်ကို အစွဲပြု၍ခေါ်ကြောင်းဖြင့် လူကြီးမိဘများကို မေးမြန်းသိရပါသည်။ ရွာ၏ မြောက်ဘက်တွင်လည်း ကျောက်တုံးများ စီတန်းလျက်ရှိသည်ကို နေ့တိုင်တွေ့ရပါသည်။ ကျွန်တော်တို့ ကျောက်တန်းရွာကို သန်လျင် ကျောက်တန်းနှင့် မှားတတ်ကြောင်းဖြင့် လူကြီးများပြောသည်ကို ကြားဖူးရပါသည်။

တခါကအောက်မြန်မာပြည်မှ ဆရာတစ်ယောက်သည် ကျွန်တော်တို့ ကျောက်တန်းရွာတွင် အမူထမ်းပါသည်။ ဆရာ၏ မိတ်ဆွေ တစ်ယောက်က စာထည့်ရာတွင် မြို့နယ်အမည်ကိုမထည့်ပဲ ကျောက်တန်းဟု ရေးသဖြင့် စာမှာ သန်လျင် ကျောက်တန်းသို့ ရောက်သွားကြောင်း မှတ်သားရဖူးပါသည်။

ဤမျှလောက်ဆိုလျှင် ကျွန်တော်၏ ရွာအကြောင်းကို ကျွန်တော်၏ ညီနောင်သွေးချင်းများ သိလောက်ပါပြီ။ သြော်... ကျွန်တော့်ရွာ၏ လုပ်ငန်းကိုင်ငန်း အကြောင်းကို ပြောပြဖို့ကျန်ပါသေးသည်။ ကျွန်တော်တို့ ရွာသည် ဆေးလိပ်လုပ်ငန်း၏ အဓိက ကုန်ကြမ်းဖြစ်သော သနပ်ဖက်ကို စိုက်ပျိုးထုတ်လုပ် ကြပါသည်။ သနပ်ဖက်သည် ၀င်ငွေအသင့်အတင့် ကောင်းသဖြင့် ကျွန်တော်တို့ရွာသည် စီးပွါးရေး အားဖြင့်ဖွံ့ဖြိုးသည်ဟု ဆိုရပါသည်။ စီးပွါးရေး ဖွံ့ဖြိုးသဖြင့် ကျွန်တော်တို့ရွာ၏ အစိုးရ အလယ်တန်းကျောင်းကို တွဲဘက် အထက်တန်းကျောင်းအဖြစ် ရွာက ငွေကုန်ကြေးကျခံကာ ဖွင့်လှစ်လျက် ရှိပါသည်။

ကျွန်တော်သည် စတုတ္ထတန်းကျောင်းသား ဖြစ်ပါသည်။ အကယ်၍ ကျွန်တော် စတုတ္ထတန်း အောင်မြင်ပါက ကျွန်တော်တို့ ရွာကျောင်း၌ပင် အထက်တန်းကျောင်း ပညာကို ဆက်လက် သင်ယူနိုင်ပါသည်။ ကျွန်တော်တို့ ကျောင်း၏ ကျောင်းအုပ်ဆရာကြီး အမည်မှာ ဦးခွန်တင်မောင်ဝေ ဖြစ်ပါသည်။ ပအိုဝ်း ကရင်ကပြားဖြစ်ပါသည်။

ဆရာကြီးသည် ပအိုဝ်းသွေးပါသဖြင့် ပအိုင်းတိုင်းရင်းသားတို့ ပညာရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ရာ၌ စိတ်အားထက်သန် လှပါသည်။ ဆရာကြီးသည် ကျောင်းကော်မတီနှင့် ပူးပေါင်းညှိ နှိုင်းဆောင်ရွက်သဖြင့် ကျောင်း၏ သတင်းမှာ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကျော်စောလျက် ရှိပါသည်။ နှစ်စဉ်ပင် အခြေခံပညာ အထက်တန်း၌ အောင်ချက်ကောင်းလျက် ရှိပါသည်။

အခြေခံပညာ အထက်တန်း၌ အောင်ချက်ကောင်းသဖြင့် အခြားမြို့ရွာများမှ ကျွန်တော်တို့ရွာသို့ ကျောင်းလာနေကြပါသည်။ ထို့ကြောင့် ဘော်ဒါဆောင်ကို ဖွင့်ထားရပါသည်။ ယခုဆိုလျှင် အမျိုးသား ဘော်ဒါဆောင်၊ အမျိုးသမီး ဘော်ဒါဆောင် ဟူ၍ ဖွင့်ထားရပါသည်။ နှစ်စဉ် ဘော်ဒါနေ ကျောင်းသူကျောင်းသား(၁၀၀)ကျော်ရှိပါသည်။

ကျွန်တော်တို့ ကျောင်းမှာ မြို့ကြီးပြကြီးနှင့် ဝေးနေသော်လည်း ကျွန်တော်တို့ ကျောင်းတွင် လာရောက် ပညာသင်ကြားသူတိုင်း ပျော်ကြပါသည်။ ဘော်ဒါဆောင်တွင် နေသူများသည် ကျောင်းပိတ်ရက်တွင် ထင်းရှာကြရပါသည်။ ဘော်ဒါဆောင်အတွက် ရေကိုလည်း ကျောင်းအနီးရှိ ရေကန်တွင် အလှည့်ကျခပ်ရပါသည်။ ညနေတွင် ဘောလုံးလိုလို ဘော်ဒါဆောင်နှင့် ကျောင်းတွင် ရောက်နေတတ်ပါသည်။ ဘော်ဒါဆောင်တွင်   နေသူများသည် ည ခုနစ်နာရီတွင် ကျောင်းသားတခန်း၊ ကျောင်းသူတခန်းစာ ကျက်ရပါသည်။ ဘော်ဒါဆောင် ဆရာ၊ဆရာမ များကလည်း ည ၁၀နာရီအထိ အလှည့်ကျ စောင့်ပေးပါသည်။ အခြေခံပညာ အထက်တန်း ကျောင်းသူ ကျောင်းသားများ အတွက် စာမေးပွဲနီးလျှင် နီးသလို အချိန်ပို စာသင်ပေးပါသည်။

ထို့ကြောင့် ကျွန်တော်တို့ ကျောင်းသည် မြို့ကြီးများမှ ကျောင်းသူ ကျောင်းသားများလို ကျူရှင်မယူရပဲနှင့် စာမေးပွဲ အောင်ကြပါသည်။ ဆရာ၊ ဆရာမများ၏ စုပေါင်းကြိုးစားမှု၊ ကျောင်းသူကျောင်းသားများ၏ တာဝန်သိမူကြောင့် အောင်မြင်မူရရှိနေခြင်း ဖြစ်ပါသည်။

ယခုဆိုလျှင် ကျွန်တော်တို့ ကျောက်တန်းကျောင်းတွင် ရန်ကုန်မှ ကျောင်းသားနှစ်ယောက်၊ ရှမ်းပြည် မြောက်ပိုင်းမှ ပလောင် ကျောင်းသား သုံးယောက်၊ ဘော်ဆိုင်းမှ ဓနုကျောင်းသား လေးယောက်၊ အင်းလေးမှ ကျောင်းသား ကျောင်းသူများ၊ လားဟူ ကျောင်းသူနှစ်ယောက်၊ ကရင်နှင့် ကချင်ကျောင်းသား ကျောင်းသူ နှစ်ယောက်၊ ရှမ်း ကျောင်းသူ ကျောင်းသား ၁၀ယောက်နှင့် ဒေသခံ ပအိုဝ်း ကျောင်းသူ ကျောင်းသားများဖြင့် တိုင်းရင်းသား လူမျိုး တော်တော်စုံအောင် ပညာသင်ကြား နေကြပါသည်။

ဆရာကြီးသည် ပညာလိုလားသောမည်သည့်ဒေသမှမည်သည့်လူမျိုးမဆို လက်ခံကြိုဆိုနေပါသည်။

ကျွန်တော်တို့ကျောင်းသည်ပြည်ထောင်စုကျောင်းလေးသဖွယ်ဖြစ်နေပါသည်။ကျွန်တော်တို့ကျောင်း၏အောင်မြင် မူမှာဆရာ၊ဆရာမများ၏စည်းလုံးညီညွတ်မူကြောင့်လည်းဖြစ်ပါသည်။စည်းလုံးညီညာအောင်ကြောင်းဖြာဟုဆရာ ကြီးမ ကြာခဏဆိုဆုံးမသကဲ့သို့စည်းလုံးညီညွတ်ခြင်း၏အကျိုးကိုကျွန်တော်နားလည်လိုက်ပါသည်။

ဆောင်းရာသီမို့တော်တော်အေးပါသည်။ယနေ့သည် ဖေဖော်ဝါရီ ၁၂ရက်ပြည်ထောင်စုနေ့ဖြစ်သဖြင့် ကျွန်တော်တို့

ကျောင်းတွင်ပြည်ထောင်စုနေ့အခမ်းအနားကျင်းပပါသည်။ ကျောင်းပိတ်ရက်ပင်ဖြစ်သော်လည်း ဆရာကြီးက ပြည်ထောင်စုနေ့ဟောပြောပွဲကျင်းပမည်ဟုမနေ့က ကြေငြာထားသဖြင့် ကျွန်တော်တို့ကျောင်းသူကျောင်းသားများစုဝေးရောက်ရှိနေကြပါ

ပြီ။ ခေါင်းလောင်းထိုးသည်နှင့်ကျောင်းသူ၊ကျောင်းသားများကျောင်းရှေ့တွင် စုဝေးတန်းစီကြပါသည်။ ဆရာ၊ဆရာမများလည်းနေရာယူကြပါသည်။ထို့နောက်နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောအာဇာ နည်ခေါင်းဆောင်ကြီးများကို အလေးပြုကြပါသည်။နိုင်ငံတော်သီချင်းကိုလည်းညီညီညာညာဆိုကြပါသည်။

ပြီးလျှင်မြက်ခင်းပေါ်တွင်အားလုံးထိုင်ကြပါ သည်။ပထမ

ဆုံးဆရာကြီးက ဆုံးမသြ၀ါဒစကားနှင့်ပြည်ထောင်စုနေ့အကြောင်းအကျဉ်းကိုပြောသွားပါသည်။ ဆရာကြီးက “ဒီနေ့ ပြည်

ထောင်စုနေ့ဟောပြောပွဲတွင် မိမိတို့ကျောင်းမှ ဆရာဦးခွန်ဝင်းက ပအိုဝ်းတိုင်းရင်းသားများအကြောင်းကိုဟောပြောမည်”

ဖြစ်ကြောင်းဖြင့်ပြောသွားပါသည်။ ဆရာကြီးထိုင်သည်နှင့် ဆရာဦးခွန်ဝင်းက စတင်ဟောပြောပါသည်။“ ပြည်ထောင်စုနေ့အကြောင်းကိုဆရာကြီးက မင်းတို့ကိုဟောပြောသွားပါပြီ၊ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့လဲ တပည့်တို့ဖတ်စာတွေထဲ

မှာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြပြီးပြီလို့ယုံကြည်ပါတယ်…. “ ဒီနေ့ ဆရာဟောပြောမှာက ဆရာ တက္ကသိုလ်ကျောင်း

သားဘ၀တုန်းက ဖတ်ရှုလေ့လာ မှတ်သားခဲ့ဖူးတဲ့ ပအိုဝ်း တိုင်းရင်းသားအကြောင်းပဲဖြစ်ပါတယ်။”

ဆရာဦးခွန်ဝင်းသည်ကျွန်တော်တို့ကျောင်းတွင် မူလတန်းပြကျောင်းဆရာဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသား လူမျိုးပင်

ဖြစ်ပါသည်။ကျွန်တော်တို့စတုတ္ထတန်း၏အတန်းပိုင် ဆရာလည်းဖြစ်ပါသည်။ ဆရာသည်စာသင်အပြကောင်းလှပါသည်။

ကျွန်တော်တို့ဗဟုသုတဖြစ်စေမည့် အကြောင်းအရာများကိုလည်း စာသင်ယင်းကြား ညှပ်ပြောပြသွားတတ်ပါသည်။ ယခုလည်း ဆရာဦးခွန်ဝင်းသည် ပအိုင်းတိုင်းရင်းသားလူမျိုးအကြောင်းကိုစိတ်ဝင်စားဖွယ်ဟောပြောပါသည်။

“ ဆရာတို့ကျောင်းမှာ တိုင်းရင်းသား လူမျိုးတွေ တော်တော်စုံတယ်။ ကရင်ရှိတယ်၊လားဟူရှိတယ်၊ပလောင်ရှိတယ်၊အင်းသား ရှိတယ်၊ ဗမာရှိတယ်၊ ရှမ်းရှိတယ်၊ ဓနုရှိတယ်၊ ပအိုဝ်းရှိတယ်။ ဆရာတွေထဲမှာလည်း လူမျိုးတော်တော် စုံတယ်။ ဒါပေမယ့် ဆရာတို့ဟာ တမြေထဲနေ တရေထဲသောက် တိုင်းရင်းသားလူမျိုးတွေဖြစ်ကြပေမယ့်တစ်ယောက်အကြောင်းကိုတစ်ယောက်
မသိကြဘူး။တိုင်းရင်းသားလူမျိုးပေါင်းစုံတွေထဲက အခြားတိုင်းရင်းသားလူမျိုးအကြောင်းကိုလူသိများကြပေမယ့် ပအိုဝ်း
တိုင်းရင်းသားလူမျိုးအကြောင်းကိုလူသိအင်မတန်နည်းတယ်။ ဒီလိုဖြစ်ရတာကလဲ ပအိုဝ်းလူမျိုးအကြောင်းကိုရေးသား
ဖော်ထုတ်သူနည်းလို့ပါပဲ………“ ပအိုဝ်းတိုင်းရင်းသားတွေဟာ အောက်မြန်မာပြည်နဲ့ ရှမ်းပြည်နယ်မှာပျံ့နှံ့နေထိုင်လျက်
ရှိကြပါတယ်။ ရှမ်းပြည်နယ်မှာဆိုယင် ဒုတိယအများဆုံးနေထိုင်တဲ့လူမျိုးဖြစ်ပါတယ်။ အထူးသဖြင့် ဆရာတို့ရှမ်းပြည်
တောင်ပိုင်းမှာ အများဆုံးနေထိုင်ကြပါတယ်။ အောက်မြန်မာပြည်မှာဆိုယင် သထုံခရိုင်၊ပဲခူးခရိုင်၊တောင်ငူခရိုင်၊ဘားအံ
ခရိုင်၊ ကော့ကရိတ်ခရိုင်တွေမှာလဲ ပျံ့နှံ့နေထိုင်ကြပါတယ်။ အောက်မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပအိုဝ်းတွေဟာ ပအိုဝ်းတိုင်းရင်းသားဝတ်စုံကိုဝတ်ဆင်လေ့မရှိကြပါဘူး……

“သမိုင်းပညာရှင်များရဲ့အယူအဆအရဆိုယင် တောင်သူလို့ခေါ်တဲ့ ပအိုဝ်းတိုင်းရင်းသားတွေဟာထိုင်းတရုတ်အုပ်စုက
ဆင်းသက်လာတယ်လို့ဆိုပါတယ်။ ဆရာကျောင်းသားဘ၀တုန်းက သင်ခဲ့ရဖူးတဲ့ဦးဘသန်းကျောင်းသုံးမြန်မာရာဇ၀င်
၊စာမျက်နှာ ၂၃ မှာ ဘယ်လိုရေးထားသလဲဆိုတော့ ဆာဂွန်ဂျာဒင်းအလိုမှာမွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက်
တောင်သူလူမျိုးတို့ကို နှင်ထုတ်ရသည်ဟုဆိုသည်။ သထုံမြို့ကား ယခုအခါ တောင်သူလူမျိုးတို့၏အချက်အချာဒေသ
ဖြစ်သည်။သထုံရာဇ၀င်တွင် သထုံ၌ တောင်သူပအိုဝ်းလူမျိုးမင်းများစိုးစံကြောင်းနှင့်ဆိုသည်။

တောင်သူလူမျိုးတို့သည် ရှေးကပုဂံနယ်၊ ယခုက ပခုက္ကူအပါအ၀င်ယောနယ်တွင်လည်းရှိကြသည်ဟု ရေးသားဖော်ပြထားတာကို ဆရာဖတ်ခဲ့ရဖူးပါတယ်။ ဒါ့ကြောင့်ဆာဂျွန်ဂျာဒင်းရဲ့အယူအဆကိုလက်ခံယင် တောင်သူခေါ်ပအိုဝ်းလူမျိုးတွေဟာ မွန်လူမျိုးတွေ
ထက်စောပြီး ၀င်ရောက်လာတယ်လို့ယူဆဖွယ်ရာဖြစ်ပါတယ်……….

“မျက်နှာဖြူပညာရှင် ဆာဂျေဂျော့စကော့ကတော့ကရင်၊ပအိုဝ်း၊ရှမ်းတွေဟာ တမျိုးတနွယ်တည်းလို့ဆိုပါတယ်။
ဆရာကြီးဦးဖေမောင်တင်ရဲ့ဘာသာလောကကျမ်း၊စာမျက်နှာ ၁၃မှာ တောင်တန်းကရင်တွေအနက် တောင်သူတွေဟာဦးရေအများဆုံးဖြစ်ပြီး မိမိတို့ကိုပအိုဝ်းလို့ခေါ်ပြီးတော့ ရှမ်းပြည်တောင်ပိုင်းနဲ့ သထုံစီရင်စုမှာများစွာနေထိုင်လျက်ရှိကြောင်းရေးသားထားပါတယ်။……….

ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာရာဇ၀င်မှာ၊ပုဂံကျောက်စာတွေမှာ ကရင်နွယ်လို့ယူဆဆိုတဲ့အမည်ကို
တွေ့ရကြောင်းနဲ့ ကျောက်စာတစ်ခုမှာကဂျင်တန်မီပြောက်လို့မြန်မာတိုင်းရင်းကျောက်စာ စာအုပ်၃၊ဓါတ်ပုံ၃၀၉၊စာကြောင်း
၃၄မှာတွေ့ရပါတယ်လို့ဆိုပါတယ်။ တဆက်တည်းမှာပဲ တောင်တန်ကရင်မှာဦးရေအများဆုံးက တောင်သူဖြစ်ပြီးတော့ပအိုဝ်းအမည်ခံကာ ရှမ်းပြည်တောင်ပိုင်းနဲ့ သထုံခရိုင်မှာ အများအပြား နေထိုင်ကြတယ်လို့ရေးသားထားပါတယ်……

“ ပုဂံကျောက်စာတွေမှာလဲ တောင်သူလူမျိုးဆိုတဲ့အရေးအသားကိုတွေ့ရပါတယ်။ ပုဂံမြို့မင်းနန်သူရွာမှာရှိတဲ့လေးမျက်
နှာဘုရားတံတိုင်းတွင်းမှာကျောက်စာရှိတယ်။အဲဒီကျောက်စာကိုသက္ကရာဇ် ၅၈၅ ခုမှာရေးထိုးခဲ့ပါတယ်။အဲဒီကျောက်စာမှာ
ပါတဲ့ကျွန်စာရင်းတွေထဲမှာစာကြောင်းရေ၄၃မှာ “ပအိုဝ်းအိုးထိန်း”ဆိုပြီးတော့တွေ့ရပါတယ်။ ဒါကြောင့်မို့ ပအိုဝ်းလူမျိုးဟာသက္ကရာဇ ၅၈၅ ခုကတည်းကရှိနေပြီဆိုတာ သိရပါတယ်။ တိုင်းရင်းသားပေါင်းစုံပုဂံပြည်ကိုတည်ထောင်ရာမှာ ပအိုဝ်းတွေလဲပါခဲ့တယ်ဆိုတာသိနိုင်ပါတယ်။”

ဆရာဦးခွန်ဝင်း ဟောပြောနေသည်ကို အချို့ကျောင်းသူကျောင်းသားများက စာရွက်တွင်မှတ်သားနေသည်ကိုတွေ့
ရပါသည်။ကျောင်းသူကျောင်းသားများကလည်းစိတ်ဝင်စားစွာနားထောင်ကြပါသည်။ ဆရာခွန်ဝင်းက ဆက်၍ဟော
ပြောပြန်သည်။“ ပအိုဝ်းလူမျိုးဆင်းသက်လာပုံဒဏ္ဍာရီကိုပါ ဆရာပြောပြဦးမယ်။နားထောင်ကြပါဦး….

“ ပအိုဝ်းတိုင်းရင်းသားတွေရဲ့မူလဇာတိဟာ မြန်မာနိုင်ငံတောင်ပိုင်းသထုံခရိုင်ဖြစ်တယ်။ ပအိုဝ်းလူမျိုးတွေဟာမိမိကိုယ်
ကိုနဂါးနဲ့ဝိဇ္ဇာမျိုးက ပေါက်ဖွားလာတယ်လို့ ယုံကြည်ကြတယ်။မိခင်ဟာနဂါးမ၊ဖခင်ဟာဝိဇ္ဇာဇော်ဂျီလို့ယုံကြည်ကြတယ်။
ခပ်တိုတိုပြောရယင်တော့မြတ်စွာဘုရားမပွင့်ခင်က အခု မြသပိတ်တောင်ခြေမှာ ရဟန္တာတွေသီတင်းသုံးတော်မူခဲ့ကြ
တယ်။ အဲဒီဒေသနဲ့မနီးမဝေးမှာရှိတဲ့ရေအိုင်မှာနဂါးတွေပျော်နေကြတယ်လို့ဆိုပါတယ်။ တနေ့တော့ နဂါးမင်းရဲ့သမီးတော်
ကခမည်းတော်နဂါးမင်းကြီးကိုတောင်ခြေမှာ သီတင်းသုံးနေတဲ့ရဟန္တာတွေကိုဖူးမျှော်ချင်ပါတယ်ဆိုပြီးတော့ ခွင့်တောင်းတယ်။ နဂါးမင်းကြီးကလဲ အစတော့ခွင့်မပြုဘူး။နောက်တော့သမီးတော် ပူဆာလွန်းတာနဲ့ခွင့်ပြုလိုက်တယ်……..

“ နဂါးမင်းသမီးဟာ လူယောင်ဆောင်ပြီးရဟန္တာတွေကိုဖူးမျှော်တယ်။ နဂါးပြည်ကိုပြန်မယ့်ဆဲဆဲမှာ ၀ိဇ္ဇာဇော်ဂျီနဲ့တွေ့ပြီး

တော့ချစ်ကြိုက်ရာက ပေါင်းသင်းခဲ့ကြတယ်။ နဂါးမင်းသမီးဟာ ကိုယ်ဝန်ရှိလာတယ်။ကိုယ်ဝန်လစေ့တော့ ဥနှစ်လုံးဥခဲ့တယ်။ အဲဒီဥနှစ်လုံးကိုရသေ့တပါးထံအပ်နှံပြီးနဂါးပြည်ကိုပြန်သွားတယ်……..

ရသေ့ကြီးကြည့်ရှု စောင့်ရှောက်ထားတဲ့ ဥကြီးနှစ်လုံးကနေပြီးတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ဖွားမြင်လာကြတယ်။ အဲဒီယောက်ျားနဲ့မိန်းမဟာ သုဝဏ္ဍာဘူမိ သထုာံပြည်ကို အုပ်စိုးတဲ့ဘုရင်နဲ့မိဖုရားဖြစ်လာတယ်။  

အဲဒီအချိန်ကစပြီး ပအိုဝ်းလူမျိုးပေါ်လာခဲ့တယ်။သထုံပြည်ကိုအနော်ရထာမင်း တိုက်ခိုက်အောင်မြင်တဲ့အခါ မိမိတို့ဟာထီးနန်းလဲဆုံးပြီ၊သာသနာလဲကွယ်ပြီ၊အားကိုးရာမဲ့ကြပြီဆိုပြီးတော့သထုံကနေပြီး တော့မြန်မာပြည် အထက်ပိုင်းကိုသာသနာသက္ကရာဇ် ၁၆၀၆ ခုကောဇာသက္ကရာဇ် ၄၂၄ ခုနှစ်မှာပြောင်းရွှေ့လာခဲ့ကြတယ်။

ရှမ်းပြည်ကိုရောက်တော့ ဆီဆိုင်မြို့ဟာမြေသြဇာကောင်းတဲ့အတွက်မင်းမျိုးမင်းနွယ်တွေထဲကခွန်မောင်သာနဲ့ခွန်မောင်နိုင် ဦးစီးပြီးတော့ နေထိုင်ခဲ့ကြတယ်။ ပအိုဝ်းတိုင်းရင်းသားဆင်းသက်လာပုံဒဏ္ဍာရီလေးကတော့ ဒါပါပဲ”

ကျွန်တော်တို့သည် ပအိုဝ်းလူမျိုးအကြောင်း ဒဏ္ဍာရီလေးကိုပါစိတ်ဝင်စားစွာနားထောင်နေကြပါသည်။ ဆရာဦးခွန်ဝင်းသည်အချိန်တနာရီနီးပါးဟောပြောနေသည်မို့ နာရီကိုကြည့်နေပါသည်။ “ကဲ့ ဆရာနိဂုံးချူပ်ပါတော့မယ်။ ပအိုဝ်းတိုင်းရင်းတွေဟာသူတို့ကို တောင်သူလို့ခေါ်တာထက် “ပအိုဝ်း”လို့ခေါ်တာကိုကြိုက်တယ်။လူတိုင်းဟာ တိုင်းရင်သားလူ မျိုးတွေရဲ့ သမိုင်း၊ယဉ်ကျေးမူ၊ဓလေ့ထုံးစံတွေကိုသိထားဖို့လိုတယ်။ သိထားမှလဲပိုမိုခင်မင်ရင်းနှီးပြီးတော့ သွေးစည်းညီညွတ်လာမယ်။အဲဒါကြောင့်ခုလိုပြည်ထောင်စုနေ့မှာ ဆရာတက္ကသိုလ်ကျောင်းသား ဘ၀တုန်းက လေ့လာမှတ်သာ
ခဲ့ရတဲ့ ညီနောင်သွေးချင်း ပအိုဝ်းလူမျိုးအကြောင်းတွေကို အကျဉ်းချုပ် ဖောက်သယ်ချလိုက်ပါတယ်”

ဆရာဦးခွန်ဝင်း ဟောပြောပြီးသွားတော့ ကျွန်တော်တို့ ကျောင်းသူ ကျောင်းသားများ လက်ခုပ်တီးကြပါသည်။ ကျောင်းသူ
ကျောင်းသားများလည်းဝမ်းသာရွှင်မြူးနေကြပါသည်။ ကျွန်တော်ကိုယ်၌ကလည်း ဆရာဦးခွန်ဝင်းပြောပြသောညီနောင်သွေးချင်း ပအိုဝ်းတိုင်းရင်းသားအကြောင်းကိုသေချာစွာမှတ်သားထားပါမည်။ တနေ့နေ့တချိန်ချိန်တွင်ကျွန်တော်၏ညီအကို
ညီနောင်သွေးချင်းများနှင့်တွေ့ရသောအခါသူတို့ကို ကျွန်တော်ပြန်လည်ပြောပြမည်ဟု ဂတိပြုလိုက်ပါသည်။


(ခ) ခွန်ရယ် နန်းရယ်

ကျွန်တော်တို့ စတုတ္ထတန်း ကျောင်းသူကျောင်းသားတို့သည်ဖေဖော်ဝါရီလတွင် အတန်းတင်စာမေးပွဲကျင်းပကြပါသည်။
သည်နေ့ကျွန်တော်တို့အတွက်စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပါသည်။ကျွန်တော်သည်စာမေးပွဲဖြေပြီးသော်လည်း အိမ်သို့မပြန်
သေးပါ။ကျောင်းဝင်းထဲ၌ပင်သူငယ်ချင်းများနှင့် ကစားနေပါသည်။ ကျွန်တော်သည်ကစားယင်းပျင်းလာသဖြင့် အခြေခံပညာအထက်တန်းကျောင်းသားများဖြစ်ကြသည့်အယ်ကျော်ရွှေ၊ပျည်းလှတင်၊စိုင်းခမ်းလှိုင်၊ခွန်ထီးတို့နှင့် အခြားကျောင်းသားလေးယောက်တို့ဝိုင်းဖွဲ့စကားပြောနေရာသို့ရောက်သွားပါသည်။

ကျွန်တော်သည်ဘေးမှနေ၍ နားထောင်နေမိပါသညါ။ သူတို့ပြောစကားကိုနားထောင်သောအခါ သူတို့သည်ခွန်ထီးအား ပအိုဝ်းတို့နာမည်မှည့်ခေါ်ပုံကြောင်းကို မေးနေကြောင်းသိရပါသည်။ပျည်းလှတင်မှာပလောင်ကျောင်းသားဖြစ်ပြီး စိုင်းခမ်းလှိုင်မှာရှမ်း၊
အယ်ကျော်ရွှေမှာအင်းသား၊ခွန်ထီးမှာ ပအိုဝ်းဖြစ်ပါသည်။ သူတို့သည်ခွန်ထီးအား ပအိုဝ်းတို့ နာမည်မှည့်ခေါ်ပုံကို
မေးနေကြပါသည်။

“ ငါတော့ကုန်အောင်မသိဘူးကွ၊ယောက်ျားအမည်ရှေ့မှာ “ခွန်”ထည့်ခေါ်တာရယ်၊ မိန်းမတွေနာမည် ရှေ့မှာ“နန်း”ထည့်ခေါ်တာရယ်ဒါပဲသိတယ်။ ဘာပြုလို့ဒီလိုခေါ်တယ်ဆိုတာ ငါမသိဘူး”
ဟုတ်ပါသည်။ခွန်ထီးသေသေချာချာမသိပါ။သက်ကြီးရွယ်အိုတွေကိုမေးကြည့်တော့လည်းမဖြေနိုင်ကြပါ။  ထိုအခိုက်ဆရာဦးခွန်ဝင်းသည်အဖြေစာရွက်များကိုကိုင်၍သူတို့ဆီ လျှောက်လာနေပါသည်။ “ဟာ အတော်ပဲဆရာ ဒီကောင်တွေကျွန်တော်ကိုမင်းတို့လူမျိုးတွေနာမည်ရှေ့မှာ ယောက်ျားဆိုယင် ဘာပြုလို့”ခွန်”ထည့်သလဲ၊မိန်းမဆိုယင် ဘာပြုလို့”နန်း” ထည့်ခေါ်သလဲလို့ မေးတယ်။ကျွန်တော်မပြောပြတတ်ဘူးဆရာ၊အဲဒါဆရာကူညီပြီး ပြောပြပေးပါဦး။
ဟုတ်တယ်ဆရာ၊ကျွန်တော်တို့ကိုပြောပြပါ” ဆရာဦးခွန်ဝင်းကို တွေ့သည်နှင့်ခွန်ထီးက လမ်း၍အကူအညီတောင်းလိုက်ပါသည်။

သူ့အမေးကိုလည်း ကျန်လူများဖြစ်သည့် ပျင်းလှတင်၊ စိုင်းခမ်းလှိုင်၊ အယ်ကျော်ရွှေတို့ကတညီတညွတ်တည်းထောက်ခံကြပါသည်။

“ အေး…..မင်းတို့ကသိချင်တယ်ဆိုလဲ ပြောရတာပေါ့ကွာ” ဆရာဦးခွန်ဝင်း သည်ပြောပြောဆိုဆိုပင်ကျွန်တော်တို့
အနီးတွင်ဝင်ထိုင်လိုက်ပါသည်။“ နာမည်မှည့်ခေါ်တဲ့ဓလေ့ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးတိုင်းလိုလိုရှိတယ်ကွ။
နာမည်ကိုကြည့်တာနဲ့ဘာလူမျိုးလို့ပြောနိုင်တယ်။လူမျိုးအလိုက်နာမည်မှည့်ခေါ်ကြသလိုတချို့လည်းမျိုးနွယ်လိုက် မှည့်ခေါ်ကြတယ်။ရုရှားလူမျိုးဆိုယင် သူတို့ရဲ့နာမည်ရှေ့မှာ “နော့ဗ်” ကိုထည့်ကြတယ်။ပန်ချာပီလူမျိုးဆိုယင် “ဆင်း”ကိုထည့်ကြတယ်။ တရုတ်လူမျိုးဆိုယင် မျိုးနွယ်အလိုက်ခေါ်ကြတယ်။“တန်”မျိုးနွယ်ဆိုယင်လဲ “တန်”ပါလေ့ရှိတယ်။“ချန်” မျိုးနွယ်ဆိုယင်“ချန်”ပါလေ့ရှိပါတယ်။ာဒါကြောင့်နာမည် ကိုကြည့်ယင် ဘယ်နိုင်ငံ သားဆိုတာခန့်မှန်းသိရှိနိုင်တယ်” ဆရာဦးခွန်ဝင်းသည်ကျွန်တော်တို့ကစာအုပ်ထဲတွင်မှတ်သားနေသည်ကိုတွေ့သဖြင့်ဖြည်းဖြည်းချင်းပင်   ပြောပြနေပါသည်။

“ အေး မင်းတို့ဒီလို ဗဟုသုတရှာတတ်တာကိုဆရာချီးကျူးတယ်။ တို့ပြည်ထောင်စုသားချင်းအကြောင်းကိုပိုသိဖို့လိုတာပေါ့။
ဒါမှ တစ်ယောက်အကြောင်းကိုတစ်ယောက်သိတော့တစ်ယောက်နဲ့တစ်ယောက်ပိုစည်းလုံးညီညွတ်ကြတာပေါ့။ ကဲ ဆရာ
ဆက်ပြောပြမယ်” ဆရာဦးခွန်ဝင်းသည်ကျွန်တော်တို့မှတ်သားနေသည်ကိုတွေ့တော့ပြောရန်ပိုအားရှိနေဟန်တူပါသည်။
အခြားကျောင်းသူကျောင်းသားလေးငါးယောက်လည်းကျွန်တော်တို့ဘေးတွင်လာထိုင်ကာနားထောင်နေကြပါသည်။

ကျွန်တော်တို့သည် ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်လျက်နှင့် ပအိုဝ်းလူမျိုးအကြောင်းကိုမသိပါ။အခြေခံပညာအထက်တန်း
ကျောင်းသားဘ၀ရောက်နေသောခွန်ထီးတို့ပင်မသိပါ။ အချို့လူကြီးများပင်မသိကြပါ။ကျွန်တော်တို့သင်ယူကြသောကျောင်း
စာအုပ်များတွင်လည်းမဖတ်ဖူးခဲ့ပါ။ ဆရာဦးခွန်ဝင်းသည်သေသေချာချာစဉ်းစား၍စေ့စုံအောင်ကြိုးစားပြောပြနေပါသည်။

“ တို့မြန်မာ လူမျိုးတွေရဲ့  နာမည်ရှေ့မှာကျတော့မင်းတို့သိတဲ့အတိုင်းပဲ ယောက်ျားလေးဆိုယင် ပထမအရွယ်မှာ“မောင်”
ကိုထည့်ခေါ်တယ်။ဒုတိယအရွယ်မှာဆိုယင်“ကို”၊တတိယအရွယ်ဆိုယင် “ဦး”ကိုထည့်ခေါ်ကြတယ်။ မိန်းမတွေကျတော့
ငယ်စဉ်အခါမှာ“မ”ကိုထည့်ခေါ်တယ်။ကြီးလာတော့“ဒေါ်”ကိုထည့်ခေါ်တယ်။ ခုခေတ်မှာတော့“မောင်”တွေ“မ”တွေ
ကိုထည့်ခေါ်လေ့မရှိတော့ပဲ နာမည်သုံးလေးနဲ့ခေါ်ကြတာကိုမင်းတို့အသိပဲ” ဟုတ်ပါသည်။ ယခုခေတ်ကျောင်းသူ
ကျောင်းသားလေးများသည်နာမည်ဆန်းဆန်းဖြင့်သုံးလေးလုံး ခေါ်ကြသည်ကို ဆရာဦးခွန်ဝင်းပြောမှပင် သတိထားမိ
ကြပါသည်။ “တို့ပြည်ထောင်စု တိုင်းရင်းသားလူမျိုးတွေမှာလဲစိတ်ဝင်စားဖွယ်ကောင်းတဲ့နာမည်မှည့်ခေါ်တဲ့ဓလေ့ရှိတယ်။

ဥပမာ-ဆလိုင်းချင်းတွေဆိုယင် သူတို့ရဲ့နာမည်ရှေ့မှာ“ ဆလိုင်း”ကိုထည့်လေ့ရှိတယ်။စကောကရင်တွေဆိုယင် သူတို့ရဲ့နာမည်ရှေ့မှာ“စော”ကိုထည့်တယ်။ပိုးကရင်ကျတော့“စပ်”ကိုထည့်တယ်။ အသက်ကြီးလာတော့“မန်း”ကိုပြောင်းခေါ်တယ်။
ဒါက ဆရာသိရှိမှတ်သားရသလောက်ပါ…..“ ကိုင်း ဒီတခါပအိုဝ်းနာမည်မှည့်ခေါ်ပုံကိုဆက်ပြောပြမယ်။ ခွန်ထီး မင်းသေသေချာချာမှတ်ထား။ မင်းတို့က ပအိုဝ်းလူမျိုးဖြစ်ပြီးတော့ ကိုယ့်လူမျိုးအကြောင်း ကိုယ်မသိဘူး။ပအိုဝ်းလူမျိုးတွေ
ကတော့မွေးလာတဲ့ကလေးကိုနာမည်မှည့်တဲ့အခါ အဘိုးအဘွားမိဘဖြစ်စေ၊သက်ကြီးရွယ်အိုကဖြစ်စေ၊ဆွေမျိုးသားချင်းက
ဖြစ်စေ။ဘုန်းတော်ကြီးကဖြစ်စေ မွေးဖွားတဲ့နေ့နံကိုလိုက်ပြီးတော့မှည့်ခေါ်ကြတယ်….

“ဓနုလူမျိုးမှာယောက်ျားလေးရဲ့နာမည်ကိုမသိယင် “အောင်နီ”မိန်းခလေးရဲ့နာမည်ကိုမသိယင်“မိနီ” လိုခေါ်ကြသလိုပဲ၊
ပအိုဝ်းလူမျိုးတွေမှာလဲအသက်ငယ်သူယောက်ျားလေးကိုဖြစ်စေ၊လူလတ်ကိုဖြစစေ“မောင်၊မောင်ပေ” လို့ခေါ်ကြတယ်။“မောင်”ကဗမာလို “မောင်ရင်”လို့အဓိပ္ပါယ်ရတယ်။“မောင်ပေ”ကတော့လူလေးအဓိပ္ပါယ်ရတယ်။ မိန်းခလေးကျတော့“မူ”မူပေ”လို့ခေါ်ကြ.တယ်။“မူ”က ဗမာလို မိန်းခလေး၊ “မူပေ”က ဗမာလို“ခလေးမ”လို့အဓိပ္ပါယ်ရတယ်။

ကျွန်တော်တို့ဝိုင်းသို့ကျောင်းသူကျောင်းသားများတစ်ယောက်စ၊နှစ်ယောက်စလာ၍နားထောင်ကြပါသည်။ နားထောင်နေသူများကလည်းစိတ်ဝင်စားစွာနားထောင်နေကြပါသည်။ “တော့ရွာမှာနေထိုင်ကြတဲ့တချို့ကျတော့ ယောက်ျားလေးရဲ့နာမည်ရှေ့မှာ“တ”ကိုထည့်ခေါ်ကြတယ်။ ဥပမာ“တတီး” “တက္လို”  တကိုး၊တလုံး၊ပေါ့ကွ။မိန်းခလေးတွေကျတော့“မီ”ကိုထည့်ခေါ်တယ်။  ဥပမာ “မီဘောင်၊မီဟွံ၊မီမြ၊မီဗို”ပေါ့ကွာ။တနည်းအားဖြင့်အိမ်မှာခေါ်တဲ့နာမည်လို့ပြောနိုင်တယ်ကွ….

“ရွာမှာနေတုန်းကတော့ကိုယ့်လူမျိုးအချင်းချင်းမို့နာမည်ခေါ်လို့လွယ်ပေမယ့် တခြားလူမျိုးတွေခေါ်ဖို့ခက်တယ်ကွာ။
တခါကဆရာတို့ရွာက ရွာသားတစ်ယောက်နဲ့တောင်ကြီုးမြို့မှာထီထိုးကြတယ်။ဆရာ့နာမည်ကိုတော့ထီဆိုင်က ရေးလို့
လွယ်တယ်။သူကသူ့နာမည်ကို ပအိုဝ်းလိုပြောတော့ ထီစာရေးက မရေးတတ်ဘူးပေါ့ကွာ။ သူ့ကိုရေးခိုင်းတော့လဲ သူက
စာမတတ်ဆိုတော့ဆရာပဲရေးပေးလိုက်ရတယ်။ဒါ့ကြောင့်ခွန်ထီးကိုစကားစပ်လို့ ဆရာပြောပြရဦးမယ်။ မင်းတို့ ပအိုဝ်းလူမျိုးတွေဟာစာမတတ်သူတွေများနေတယ်ကွ။အဲဒါ မင်းတို့ပညာတတ်လာတဲ့တနေ့ကျယင် သူတို့ကိုစာပြန်သင်ပေးဖို့မမေ့နဲ့။
ခုလဲ ဆရာ ညအချိန်မှာရွာသားတွေကိုစာသင်ပေးဖို့စီစဉ်နေတယ်။ဒီက ပျည်းလှတင်တို့ အယ်ကျော်ရွှေတို့ကော အားလုံးပေါ့ကွာ။ ကိုယ့်တိုင်းရင်းသားလူမျိုးအချင်းချင်းလူမျိုးမခွဲခြားပဲ စာသင်ပေးသင့်တယ်။မကြာခင် တို့တောင်ပေါ်ဒေသကိုလဲ အသုံးလုံးကြေစခန်း ဖွင့်လှစ်လိမ့်မယ်လို့မျှော်လင့်ရတယ်။ ဒါကစကားစပ်လို့ဆရာပြောရတာ”ဟုတ်ပါသည်။ ဆရာဦးခွန်ဝင်းပြောသလိုပင် ကျွန်တော်တို့ ပအိုဝ်းလူမျိုးမှာစာတတ်သူဦးရေနည်းလှပါသည်။ထို့ကြောင့်

ကျွန်တော်ပင်ပညာတတ်အောင်ကြိုးစားပြီးတနေ့ကျလျှင်ရွာပြန်ကာစာသင်ပေးမည်ဟုဆုံးဖြတ်လိုက်မိပါသည်။
“အဲဒါက မင်းတို့စာထဲမမှတ်လဲရတယ်။ ခေါင်းထဲမှတ်ထားပေါ့ကွာ။ကဲဆရာဆက်ပြောပြမယ်……
“ပအိုဝ်းကနေပြီးတော့ ဗမာနာမည်ကိုပြောင်းခေါ်တဲ့အခါနာမည်ရှေ့မှာခွန်ထည့်တာကိုမင်းတို့သိမှာပဲ။ ဆရာ့နာမည်ရှေ့မှာဆိုလဲခွန်ပါတယ်။ဥပမာအားဖြင့် ခွန်ဝေးခို၊ခွန်ခန်ထို၊ခွန်စိန်ဝင်းစသည်ဖြင့်ပေါ့ကွာ။အမျိုးသမီးတွေနာမည်ရှေ့မှာ
တော့“နာင်(နန်း)ကိုထည့်တယ်။ဥပမာအားဖြင့် နန်းမုံ၊နန်းခံဗိုစသည်ဖြင့်ပေါ့ကွာ။“န်” သတ်“နန်း”နော်၊“မ်”သတ် နမ်းမဟုတ်ဘူး။ သတ်ပုံမှားယင်အဓိပ္ပါယ်လွဲသွားနိုင်တယ်။ ”ကျွန်တော်တို့သည်ဆရာဦးခွန်ဝင်း၏သတ်ပုံမှားတတ်သည့် အပြောကြောင့်ပြုံးလိုက်မိကြပါသည်။

“ ဒါနဲ့ဆရာ၊ကျွန်တော်တို့ရှမ်းလူမျိုးတွေမှာ “ခွန်”ထည့်ခေါ်တဲ့လူကြီးတွေကို တွေ့ဖူးတယ်။ဘာကြောင့်လဲဆရာ ”
စိုင်းခမ်းလှိုင်က ဆရာဦးခွန်ဝင်းကိုဖြတ်မေးလိုက်ပါသည်။“ အေးဟုတ်တယ်။ မင်းမေးလို့တော်သေးတယ်။ ဆရာလဲပြောဖို့မေ့နေတယ်။ဒီလိုကွ။ ပဒေသရာဇ်ခေတ်မှာ “ခွန်”ဝေါဟာရကိုမူးမတ်အရာရှိနယ်ပိုင် ရားထူးရာခံရှိသူရဲ့ရှေ့မှာထည့်ခေါ်ကြတယ်။တို့ပအိုဝ်းမှာကျတော့“ခွန်”ဆိုတာ  မြင့်မြတ်တဲ့အမျိုးအနွယ်က   ပေါက်ဖွားဆင်းသက်လာသူ၊ဇွဲသတ္တိရှိသူ   ယောက်ျားပီသသူ ဆိုပြီးတော့ ဂုဏ်ယူတဲ့သဘောနဲ့ခေါ်တာ။“နန်း”ကိုရှမ်းလူမျိုးကလဲထည့်ခေါ်တယ်။တို့ပအိုဝ်းနန်းက မြင့်မြတ်သူ၊နူးညံ့သိမ်မွေ့ သူ၊က္ကနြေ္နရှိသူတည်ငြိမ်သူလို့အဓိပ္ပါယ်ဆောင်တယ်။တူသလိုနဲ့မတူဘူးပေါ့ကွာ”

ကျွန်တော်သည်ဆရာဦးခွန်ဝင်းကိုချီးကျူးမိပါသည်။ကျွန်တော်တို့ကိုစေ့စေ့စုံစုံပြောပြနေပါသည်။ အခြေခံပညာအထက်
တန်းကျောင်းသူကျောင်းသားများဖြစ်ကြသည့်ခွန်ထီး၊ပျည်းလှတင်၊စိုင်းခမ်းလှိုင်၊အယ်ကျော်ရွှေတို့ ကလည်းသေသေချာချာမှတ်သားနေပါသည်။နောက်မှရောက်လာသည့်ကျောင်းသူကျောင်းသားများပင်မှတ် သားနေကြပါသည်။“ ကဲ့ခွန်ရယ် နန်းရယ် အကြောင်းပြီးယင်တခြားမင်းတို့သိသင့်တဲ့နာမည်မှည့်ခေါ်ပုံကိုလဲပြောပြဦးမယ်။မင်းတို့လဲသေသေ
ချာချာမှတ်သားနေတာတွေ့တော့ဆရာလဲပိုပြောချင်တယ်ကွ”

“မင်းတို့ပအိုဝ်းရွာတွေကိုသွားယင်နာမည်ရှေ့မှာ“ထွက်”ထည့်ခေါ်တာကိုကြားလိမ့်မယ်။ဥပမာ ထွက်ယော်၊ထွက်သော်
စသည့်ဖြင့်ပေါ့ကွာ။ဒီလိုခေါ်ယင်ဒီလူဟာရဟန်းဘ၀ကထွက်လာတာပဲလို့သိနိုင်တယ်။ဒါပေမယ့်လူပျိုကာလသား ကိုလဲ”ထွက်”လို့ခေါ်ကြတယ်။တထစ်ချမှတ်လို့တော့မရပေါ့ကွာ” “ လူကြီးကိုတချို့က“ကျောင်ား၊စာင်ဖာ” ခေါ်တာကကောဆရာ” ခွန်ထီးသည်ပအိုဝ်းလူမျိုးပင်ဖြစ်သော်လည်းသူမသိသည်ကများနေသဖြင့်သိလိုသည်ကိုမေးနေပြန်ပါသည်။

“တို့ပအိုဝ်းလူမျိုးတွေကဗုဒ္ဓဘာသာကိုသိပ်ယုံကြည်တာကွ။အလှူအတန်းဆိုထိပ်ပဲ။ဒါကြောင့်“တမူးရလို့တပဲလှူ တို့ရှမ်း
တောင်သူ တူနိုင်းရိုးလား” လို့တောင်စာဆိုရှိတယ်မဟုတ်လား။တောင်သူဆိုတာပအိုဝ်းကိုပြောတာပဲကွ။
ကျောင်းကာဆိုတာကျောင်းလှူဖူးသူကိုခေါ်တာ။တကျောင်းလုံးတော့မဟုတ်ဘူးပေါ့ကွ။ကျောင်းရဲ့အစိတ်အပိုင်း တချို့ပေါ့။“စာင်ဖာ”ကတော့ပဉ္စင်းတကာ ခံဖူးသူလို့အဓိပ္ပါယ်ရတယ်။မိန်းမတွေကိုကျတော့လဲကျောင်းလှူဖူးယင်“မဲကျောင်”
ပဉ္စင်းတကာခံဖူးယင်“စာင်မိုး”လို့ခေါ်တယ်….“နောက်တစ်ခုပြောရဦးမယ် ၊ပအိုဝ်းတွေဟာ ဗုဒ္ဓဘာသာတွေပီပီကြီးသူကို
ရိုသေလေးစားရတဲ့ရွာသူကြီးကိုခေါ်တဲ့အခါမှာရွာသူကြီးလို့လဲမခေါ်ဘူး။နာမည်အရင်းကိုလဲမခေါ်ဘူး။ “ဖြားဒုံ”လို့ခေါ်တယ်။
“ဖြာဒုံ”ဆိုတာကရွာကလေးစားအားကိုးယုံကြည်ရသူ၊ရွာသခင်၊ရွာကိုစောင့်ရှောက်သူလို့အဓိပ္ပါယ်ရတယ်။ ရွာသူကြီးထက်ပိုပြီးတော့သြဇာရှိသူလူအများကယုံကြည်လေးစားရသူ၊ဂုဏ်သရေရှိသူကိုတော့“ဖြာတန်း” လို့ခေါ်တယ်………

“ကဲ နောက်ဆုံးနာမည်မှည့်ခေါ်ပုံတခုပြောမယ်။အဲဒါကတော့ပအိုဝ်းတွေမှာ အကြီးဆုံးသားသမီးရဲ့နာမည်ကို မိဘရဲ့နာမည်ရှေ့မှာထည့်ခေါ်တဲ့ဓလေ့ပါပဲ။ဥပမာအကြီးဆုံးသားဟာတပျိုလို့ခေါ်မယ်။  ဖခင်နာမည်ကဦးထွန်းလို့ခေါ်ယင် သားကြီးနာမည်ကို“ပျိုဖါ” ဒါမှမဟုတ် ပျိုဖါထွန်း” လို့ခေါ်ကြတယ်။“တပျိုတို့အဖေ”လို့အဓိပ္ပါယ်ရတယ်။အကြီးဆုံးဟာသမီး
ဖြစ်မယ်။နာမည်ကလဲ “နန်းပျို”ဆိုယင်“ပျိုမိုး”နန်းပျိုရဲ့အမေလို့ခေါ်ကြတယ်……

“ကဲ မေးဖို့ကျန်သေးလားခွန်ထီး။အထူးသဖြင့်မင်းကအရေးကြီးတယ်။ရွာမှာအခြေခံပညာအထက်တန်းကျောင်း သားလဲဖြစ်တော့မင်းကပိုသိဖို့လိုတယ်” “မရှိတော့ဘူး ထင်ပါတယ်ဆရာ”
ခွန်ထီးသည်ဆရာဦးခွန်ဝင်း၏အမေးကိုဖြေလိုက်ပါသည်။“အေးဆရာပဲစုံအောင်ပြောပြလိုက်တာပဲ။ဒီတော့ အင်းသားဖြစ်တဲ့
အယ်ကျော်ရွှေရော၊ပလောင်လူမျိုးဖြစ်တဲ့ပျည်းလှတင်ရော၊ရှမ်းလူမျိုးဖြစ်တဲ့စိုင်းခမ်းလှိုင်ရော၊ပအိုဝ်းလူမျိုးဖြစ် တဲ့ခွန်ထီးရော၊လာနားထောင်ကြတဲ့သည့်ပြင်ကျောင်းသူတွေရောပေါ့ကွာ၊ဆရာပြောပြတာတွေကိုသေသေချာ ချာမှတ်ထားကြပေါ့”ဆရာဦးခွန်ဝင်းသည်ထိုင်ရာမှထလိုက်ပါသည်။ညောင်းသွားပုံလည်းရပါသည်။ ကျွန်တော်သည်ဆရာ ဦးခွန်ဝင်းပြောပြသည့်
ပအိုဝ်းနာမည်မှည့်ပုံ “ခွန်”အကြောင်း၊နန်း”အကြောင်းကိုမှတ်သားထားရန်ခွန်ထီးထံမှ မှတ်သားထားသည်ကို ကူးယူရဦးမည်။သို့မှလည်းအခြားတိုင်းရင်းသားလူမျိုးသူငယ်ချင်းများနှင့်ကျွန်တော်တွေ့သည့်အခါ သူတို့မေးမြန်းချက်ကို ဖြေနိုင်မည်ဖြစ်ပါသည်။
Tags: ,

ပအိုဝ်းခမ်း

ပအိုဝ်မ်းခမ်း မှ ကြိုဆိုပါတယ်။